ဝေါ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် တောင်သူများ အား ဆောင်းသီးနှံ သီးညှပ်စိုက် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က မြန်မာနိုင်ငံတွင် ဆန်စပါး ဖူလုံမှုရှိပေ မယ့်၊ ဆီဖူလုံမှုမရှိသောကြောင့် ဆီထွက်သီးနှံများကို စိုက်ပျိုးရန် လိုအပ်ပြီး၊ ဝေါမြို့နယ်တွင် နေကြာစိုက်ပျိုးရန်အတွက် အကောင်းဆုံး စိုက်ပျိုးမြေများရှိပြီး၊ စိုက်ပျိုးရရှိ လာသည့် နေကြာများကို လည်း စိုက်ပျိုးသူ မိသားစုများက ဆီကြိတ်ကာ ရောင်းချ စားသောက်နိုင်ကြောင်းနှင့် ယခုထောက်ပံ့ ပေးအပ်သော နေကြာမျိုးစေ့များကိုလည်း အောင်အောင်မြင်မြင်ဖြင့် စိုက်ပျိုးကြရန် တိုက်တွန်းပြော ကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မိုးလွင်က တောင်သူများအား ဆောင်းသီးနှံ သီးညှပ်စိုက် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝေါမြို့နယ်အတွင်းရှိ ဆောင်းသီးနှံ သီးညှပ်စိုက် နေကြာစိုက်ပျိုးရန် စီမံကိန်းဝင် ကျေးရွာ အုပ်စု(၁၈)အုပ်စုမှ စိုက်ပျိုးမည့် ဧက(၇၀၀)အတွက် လေးပြည်ပါ နေကြာမျိုးစေ့ အိတ်(၇၀၀)ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများအား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)