ပခုက္ကူ အောက်တိုဘာလ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၃ ရက်မှစတင်ပြီး အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှုခံယူသည့် လူနာများမှ အောက်တိုဘာလ ၂၇ရက်အထိ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူဦးရေ ၆၁၁ ဦးရှိပြီဖြစ်ကြောင်း ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း ထံက သိရသည်။
ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဒေသခံစေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအရောက် ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်း၊ မြို့အဝင်/အထွက်များတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး ခရီးသွားပြည်သူများအား ကြပ်မတ်စစ်ဆေးခြင်း၊ ရောဂါပိုးတွေ့လူနာများနှင့် ထိစပ်သူများ၊ သံသယလူများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူ၍ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူ များအား ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်ပိုးတွေ့လူနာ သီးသန့်ဆောင် (Isolation Ward) တွင် ဆေးကုသမှုခံယူစေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်ဆောင်ရွက်ကြကြောင်း၊ ပခုက္ကူမြို့နယ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသူပေါင်း ၈၂၆၂ဦး ရှိပြီး ပိုးတွေ့ရှိသူပေါင်း ၁၄၆၈ ဦး၊ သေဆုံးသူပေါင်း ၁၄၄ ဦးရှိပြီး ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူဆဲလူနာပေါင်း ၃၃ ဦး၊ ဆေးရုံဆင်းခွင့်ရသူပေါင်း ၆၁၁ ဦးရှိကြောင်း၊ ကိုဗစ်ရောဂါ တားဆီးပြတ်တောက်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော်သူ ထံက သိရသည်။
ဆလိုင်းကိုကီး