မင်းဘူး ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုယ်ကာယကျန်းမာရေးနှင့် အားကစား လေ့ကျင့်ခန်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ အ.ထ.က (၁) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ခန်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှူး ဒေါ်နှင်းနှင်းက “ကိုဗစ်-၁၉ ကာလမှာ ကျောင်းသား/ကျောင်းသူလေးတွေ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကိုယ်လက်လှုပ်ရှားအားကစားနည်းတွေကို စိတ်ပါဝင်စားစွာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်စေဖို့ရည်ရွယ်ပြီးတော့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အခုလေ့ကျင့်ခန်းမှာ ကျောင်းသားလူငယ်တွေအနေနဲ့ ပညာရေးဘက်တင်မဟုတ်ဘဲ အားကစားဘက်မှာပါ ဘက်စုံထူးချွန် လာနိုင်စေဖို့ အခြေခံဘောလုံးအားကစားနည်း၊ ပိုက်ကျော်ခြင်းလုံးအားကစားနည်းနဲ့ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Myanmar Fitness Dance အကနဲ့ပါ ပျော်ပျော်ရွှင်ရွှင်ဆောင်ရွက်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။
ပိုက်ကျော်ခြင်းအားကစားနည်း အခြေခံလေ့ကျင်းခန်းကို မြန်မာ့လက်ရွေးစင် ကိုကျော်မင်းသူ၊ မဖြူဖြူသန့်၊ ဘောလုံးအားကစားနည်း အခြေခံလေ့ကျင့်ခန်းကို မန္တလေးအား/ကာသိပ္ပံမှ မောင်ခန့်မင်းပိုင်နှင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးလေ့ကျင့်ခန်း Myanmar Fitness Dance အကကို မင်းဘူးမြို့ EMI အဖွဲ့တို့ကို ဖိတ်ကြား၍ သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး အားကစားပစ္စည်းများကို အဆိုပါကျောင်းသို့ လှူဒါန်းပေးအပ် ခဲ့ကြောင်း ဒေါ်နှင်းနှင်းက ဆက်လက်ပြောကြားသည်။
အဆိုပါ လေ့ကျင့်ခန်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှဝန်ထမ်း များ၊ ကာယအားကစားမောင်မယ်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)