ဗန်းမော် အောက်တိုဘာ ၂၈
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတိန့်ဆောင်နှင့် အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဝန်ထမ်းများ တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်နှင့်အဖွဲ့သည် ခရိုင်အဆင့်တာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့မှ မံစီမြို့နယ်သို့ သွားရောက်ပြီး မံစီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ မြို့နယ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ဦးစီးအရာရှိ ဦးသိုက်ဦးဝင်းက တင်ပြပြီး ဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များကို လမ်းညွှန် မှာကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၈ ဒသမ ၁၆ဝ သန်း ဖြင့် Golden Bombax Engineering Group ကုမ္ဗဏီက တာဝန်ယူ၍ အကြီးစားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည့် မံစီမြို့တော်ခန်းမ၏ ဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မံစီမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိနေအိမ် ၃ဝ ပေx ၃၆ ပေ x၁၂ ပေ RC (၁)ထပ် တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မံစီမြို့ ကောင်ရာရပ်ကွက်၌ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးထားသော မြို့မပျိုးဥယျာဉ်အတွင်းရှိ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သံမလန်း၊ ကညင်၊ အင်ဂျင်း၊ ငါးပေါက်၊ တောင်သမာ၊ မန်ဂျန်ရှား၊ ကုက္ကိုစသည့် ပျိုးပင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံပြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်က ဗန်းမော်နည်းပညာတက္ကသိုလ် အတွင်း ဆောင်ရွက် နေသည့် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကာ ဝန်ကြီးက လိုအပ် သည်များ လမ်းညွှန် မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အဆောက်အဦများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ဗန်းမော်မြို့ ဘိုးဒေဝကျေးရွာရှိ ၂၃ဝ ကေဗွီ ဗန်းမော်ပင်မ လျှပ်စစ်ဓာတ်အား ခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားရုံအတွင်း ကြည့်ရှုစစ်ဆေးကာ လျှပ်စစ်ဓာတ်အားသိုလှောင် ထိန်းချုပ်မှုစနစ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေကို ဓာတ်အားခွဲရုံတာဝန်ခံ ဦးတန်နွဲ့ဖုန်အောင်က တင်ပြပြီး ဝန်ကြီးက ဓာတ်အားခွဲရုံရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် မွန်းလွှဲ ၁ နာရီက ဗန်းမော်မြို့တော်ခန်းမ၌ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊မိုးမောက်၊မံစီနှင့်ရွှေကူမြို့နယ်တို့မှ စည်ပင်သာယာရေးအဖွဲ့ အမှုထမ်း၊အရာထမ်း ဝန်ထမ်းများနှင့်တွေ့ဆုံကာ အမှုထမ်း၊အရာထမ်းများအား မိမိတို့ မြို့နယ်၊ မြို့များအတွက် သာယာလှပဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကို မပေါ့ဆကြရန်လိုအပ်ကြောင်း လမ်းညွှန် အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းက လုပ်ငန်း ဆောင်ရွက်မှု လိုအပ်ချက်များကို မှာကြားခဲ့သည်။
ယင်းနောက် ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဗန်းမော် ခရိုင်အတွင်းရှိ ဗန်းမော်၊မိုးမောက်၊မံစီနှင့်ရွှေကူမြို့နယ်တို့မှ စည်ပင်သာယာရေးအဖွဲ့ ကော်မတီဝင် များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တက်ရောက်လာသည့် ကော်မတီဝင်များက မြို့နယ်အလိုက် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ရုံးခန်း၌ ဗန်းမော် ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံများနှင့် တွေ့ဆုံကာ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ရွှေကူမြို့နယ်နှင့် လွယ်ဂျယ်မြို့တို့မှ တာဝန်ခံအရာရှိများက မိမိတို့ မြို့နယ်အလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)