ပခုက္ကူ အောက်တိုဘာ ၂၈
နည်းပညာနှင့်အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာ စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝ ဘေးဒဏ် ခံဘက်စုံသုံးအဆောက်အဦတွင် အောက်တိုဘာလ ၂၇ရက် ညနေ ၄နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ်(အခမဲ့)သင်တန်းဖွင့်ပွဲကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ(အခမဲ့) ဆေးခန်းနှင့်အရေးပေါ်လူနာတင်ယာဉ်ကူညီမှုအဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ဦးတင်အောင်ကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်း၊ ပခုက္ကူမြို့နယ်အနာဂါတ်အလင်း ရောင်လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဦးရဲထွဋ်က သင်တန်းတက်ရောက်သူများရရှိမည့်အကျိုးကျေးဇူးများအကြောင်း၊ သင်တန်း နည်းပြ ပရဟိတဆရာမ မအိက သင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာရပ်များအကြောင်းတို့ကို အသီးသီးရှင်းလင်း ပြောကြားကြသည်။
အဆိုပါအမျိုးသမီးစက်ချုပ်(အခမဲ့)သင်တန်းတွင် ပခုက္ကူမြို့ပေါ်နှင့်ကျေးရွာများမှ သင်တန်းသူ ၂၃၅ဦးတက်ရောက် ကြပြီး သင်တန်းနည်းပြဆရာမ ငါးဦးက အခြေခံစက်ချုပ်နည်းများအပါအဝင် ထိုင်းစင်တီမီတာနှင့်အဆင့်မြင့်လက်မစသည့် အမျိုးသား၊အမျိုးသမီးအဝတ်အထည်များ ဒီဇိုင်းရေးဆွဲနည်းများကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်မှ ၂၀၂၂ခုနှစ်၊ ဇန်န ဝါရီလ ၁၅ရက်နေ့အထိ သင်တန်းကာလနှစ်လခွဲကြာ နေ့စဉ် နံနက် ၇နာရီမှ ညနေ ၅နာရီခွဲအတွင်း အပတ်စဉ်တနင်္လာနေ့မှ ကြာသပတေးနေ့အထိ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ကျန်းမာ ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီဖြစ်စေရေး ပါးစပ်နှင့်နှာခေါင်းစည်းစနစ် တကျတပ်ဆင်စေခြင်း၊ သင်တန်းခန်းမ အပေါက်ဝတွင် လက်ဆေးဘေးစင်ထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက်သင်တန်းသူများအား အဖွဲ့ငါးဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ၂နာရီကြာ ပို့ချသင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း မိမိနေအိမ်တွင်နေထိုင်းရင်း ကိုယ်ပိုင်အလုပ်အကိုင်အခွင့်အလမ်းမှတဆင့် တပိုင် တနိုင်ဝင်ငွေရရှိစေမည့်သင်တန်းများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်မည့်သင်တန်းများကို အခမဲ့ဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင် စေတနာ(အခမဲ့)ဆေးခန်းနှင့် အရေးပေါ်လူနာတင်ယာဉ်ကူညီမှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးတင်အောင်ကြည်က ပြောသည်။
ဆက်လက်ပြီး အခြေခံစက်ချုပ်သင်တန်းတက်ရောက်သည့် သင်တန်းသူ မမြင့်မြင့်သူက “ကျွန်မက ရွာကဆိုတော့ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေပဲ လုပ်ကိုင်စားသောက်ကြတာပါ၊ အဲ့ဒီလုပ်ငန်းတွေကလည်း ရာသီဥတုကမမှန်တော့ နှစ်တိုင်းအောင်မြင်ဖြစ်ထွန်းမှုမရှိဘူး၊ စိုက်ခင်းက ထွက်လာတဲ့သီးနှံတွေကို မြို့ပေါ်သွားရောင်းဖို့ကလည်း ကိုဗစ်-၁၉ရောဂါနဲ့ ဆိုတော့ ကြောက်ရပြန်တယ်၊ အဲ့ဒါကြောင့် အိမ်မှာနေရင်း တစ်ပိုင်တစ်နိုင်မိသားစုအပိုဝင်ငွေရှာဖွေနိုင်ဖို့အတွက် အခုလို အမျိုးသမီးစက်ချုပ်သင်တန်း တက်ရောက်ဖြစ်တာပါ” ဟု ပြောကြားသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)