နတ်မောက် အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့နယ် တက်ဝန်ကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်ခန့် က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ ကျား(၁၁)ဦး၊ မ(၂၉)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၆)ဦး၊ မ(၂၄)ဦး စုစုပေါင်း (၇၀)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းတွင် မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသည့်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ်