ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာအဝင်ကွန်ကရစ်တံတား ဖွင့်ပွဲကျင်းပ

ဝန်းသို အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊  ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေနှင့် ကျေးရွာလူထုပူးပေါင်း၍ တည်ဆောက်ပြီးစီးခဲ့သော ရွာအဝင်ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က အဆိုပါတံတားမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်ပြီး တံတားကြီးအား အမွေးနံ့သာ ပရိတ်ရေတို့ဖြင့် ပက်ဖြန်းဆုတောင်းပေးကာ တံတားဖွင့်ပွဲမုခ်ဦးကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ တံတားအောင်မြင်ပြီးစီးခြင်း အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကိုကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေ က  စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများ၊  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းဦး က သမဝါယမလုပ်ငန်းများဆိုင်ရာ အကြောင်းအရာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်း က ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကြောင်းတို့ကို အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။

ကံကုန်းကျေးရွာအဝင် ကွန်ကရစ်တံတား အရှည် ၈၄ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၀ ပေရှိ တည်ဆောက်ခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀) ဦးမင်းဇော်ဦးမိသားစုမှ အလှူငွေ ကျပ်သိန်း (၅၀) ပြည်သူထည့်ဝင်ငွေကျပ် (၁၃၈ဒသမ၆) သိန်း၊ ကျောက်၊ သဲအလှူရှင်များ၊ ကျေးရွာလူထု၏ လုပ်အားများနှင့် ကျေးလက်ဦးစီးဌာန၏ နည်းပညာအကူအညီရယူ၍ ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မြိုင်