ကြို့ပင်ကောက် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက်(၁၂)အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကျောင်းသားကျောင်းသူ ၅၄၂ ဦးအား အထက(ပန်းတင်)ကျောင်းနှင့် အထက(ဘုရင့်နောင်) ကျောင်း စုရပ်နှစ်နေရာတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဆရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စာရင်း မှတ်တမ်းများရေးသွင်းကောက်ယူခြင်း၊ ကိုအပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး သက်ဆိုင်ရာကျောင်းသား မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်းပေါင်း (၃၇)ကျောင်းမှ အသက်(၁၂)အထက် ကျောင်းသားကျောင်းသူအရေအတွက် (၃,၆၇၁)ဦးအား ကာကွယ်ဆေးထိုးနှံပေးရမည်ဖြစ်ရာ အောက်တိုဘာလ ၂၇ ရက်နေ့အထိ (၁,၈၄၃) ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိနေသော ကျောင်းသားကျောင်းသူများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာဆရာမများကဆက်သွယ်ပြီး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)