အင်ဂျန်းယန်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အင်ဂျန်းယန်  သြဂုတ်  ၁၉

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့နံနက် (၁၀) နာရီက အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကွမ်ဂျီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်လင်းအောင်က အထွေထွေရွေး ကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၏ တာဝန်ရှိသူ များက မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ပါတီကိုယ်စားပြု ပါဝင်မည့်ပုဂ္ဂိုလ်၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ပေးအပ်ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုကို၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ရဲမှူးဇော်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများ၊ မြို့နယ်အတွင်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ (၆) ပါတီမှ တာဝန်ရှိသူများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)