ဖားကန့် ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဥရုချောင်းဖျား ကံဆီးဒေသ၌ ဩဂုတ် ၁၇ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက် ကျော်လွန်ကာ ဩဂုတ် ၁၈ ရက်နေ့တွင် ၁၀ ပေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဖားကန့်အလင်းတန်းစာကြည့်တိုက်မှ အတွင်းရေးမှူး ဦမျိုးဝင်းက”ဖားကန့်အတွက်က သုံးနှစ်အတွင်း အမြင့်ဆုံး ရေကြီးမှုလို့ ပြောရမှာပါ၊ ချောင်းလက်တက်တွေများလာတာနဲ့ ချောင်းကြမ်းပြင်မြှင့်တက်လာတော့ မိုးများတာနဲ့ ချောင်းရေက ကြီးတော့တာ ပါပဲ” ဟု ပြောသည်။
လုံးခင်းကျေးရွာ ရပ်ကွက်(၂၊ ၃၊ ၄)တို့တွင် ငါးပေခန့်အထိ ချောင်းရေနစ်မြှုပ်နေပြီး ဖားကန့်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် မော်ဝမ်းရပ်ကွက် ဝန်ထမ်းအိမ်ရာဘက်ခြမ်းတွင် ၈ ပေခန့်၊ ငှက်ပျောတောလမ်းမထက်တွင် ၅ ပေခန့်၊ မြို့မကျောက်ဝိုင်းနှင့် အေးမြသာယာရပ်ကွက်တို့တွင် ၄ ပေခန့်၊ မရှီကထောင်ရပ်ကွက် ကျောက်စိမ်းတောင် တံတားအနီးတွင် ၄ ပေခန့်၊ နမ္မဖြစ် ကျေးရွာတွင် ၃ ပေခန့်၊ ဟောင်ပါးကျေးရွာတွင် ၄ ပေခန့် ချောင်းရေ ဝင်ရောက်မှုများ ရှိခဲ့သည့်အတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက နီးစပ်ရာဆွေမျိုးများအိမ်သို့ နေရာပြောင်းရွှေ့ ရသည့် ပြည်သူများအား ကူညီပြောင်းရွှေ့ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား ထမင်းထုပ်များ ရေဘူးများ ဝေငှပေးခြင်းတို့အား တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဖားကန့်ဥရုချောင်း ရေမြင့်တက်ခဲ့မှုကြောင့် အိမ်ထောင်စုပေါင်း (၁၁၇၆) စု၊ လူဦးရေပေါင်း (၄၂၂၈) ဦးတို့ ရေဘေး သင့်ခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖားကန့်ဒေသအတွင်း မိုးများမှုကြောင့် နန့်စန်း-၃ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းရွာတွင် တောင်သူ ၄ ဦး၏ လယ်ဧက ၁၂ ဧကခန့် ရေလွမ်းပြီး ဆုံးရှုံးခဲ့သည့်အပြင် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီ၏ လုပ်ကွက်ရပ်နားထားသည့် ကျောက်ကြောခုံ အကျယ်(၅၀)ပေ၊ ထုပေ(၅)ပေ၊ အမြှင့်(၈၀၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ဖားကန့်ဥရုချောင်းရေသည် ချောင်းဖျားကံဆီးဒေသ၌ ၆ ပေခန့် ရေကျသွားပြီဖြစ်သော်လည်း မိုးရွာသွန်းမှု အခြေအနေကို စောင့်ကြည့်နေရကြောင်း လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ကိုကျော်သူရထံက သိရသည်။
ဖားကန့်မြို့ပေါ် မိုးရွာသွန်းမှုအခြေအနေကို တိုင်းတာထားသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးရေချိန် တိုင်းတာမှုအရ မြို့ပေါ်၌ မိုးရေချိန် ၃.၄၉ လက်မရှိကြောင်း သိရသည်။
ဥရုချောင်းရေသည် နှစ်စဉ်မိုးတွင်း ကာလရောက်တိုင်း မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်မှု ရှိသော်လည်း စိုးရိမ်ရေမှတ် ကျော်လွန်မှုမျိုးမှာ ရှားပါးဖြစ်စဉ် တစ်ခုဖြစ်သည်။
တာလင်းမောင်(ပြန်/ဆက်)