မိုးညိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းဆိုင်ရာ ညွှန်ကြားချက်များအား သိရှိနိုင်ရေး တိုင်း၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

မိုးညို သြဂုတ် ၁၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းဆိုင်ရာ ညွှန်ကြားချက်များအား သိရှိနိုင်ရေးအတွက် တိုင်း၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး သာယာဝတီခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်က မဲစာရင်းများ မှန်ကန် တိကျရေးနှင့် မဲစာရင်းပုံစံများ ဖြည့်စွက်ရာတွင် စနစ်တကျစိစစ် ဆောင်ရွက်နိုင်ရေးတို့အား ပြောကြားသည်။

ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောထွန်းဦးက မဲစာရင်းကောက်ယူထားရှိမှုနှင့် မဲရုံစာရင်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြား ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်က မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များအား ဖြည့်စွက်၍ ပူးပေါင်းဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေး ခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)