ဝက်လက် အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ထုံးဘို (အနောက်) ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က တောင်သူ ဦးလှထွန်း ပိုင်ဆိုင်သော ကွင်းအမှတ် ၃၂၄၅ တွင် ရွှေဘိုပေါ်ဆန်းစပါး မျိုးစေ့ထုတ် စိုက်ဧက ၅ ဧကတွင် မျိုးသန့်ရရှိရေး ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်း (Field inspection) ဆောင်ရွက်ကြကြောင်း သိရသည်။
မျိုးစေ့ထုတ် စိုက်ခင်းများ မျိုးသန့်ရရှိရေး ကွင်းဆင်းစစ်ဆေးရခြင်းသည် အဓိက မျိုးကောင်း မျိုးသန့်များ ထွက်ရှိရေး တောင်သူများကို စိုက်ခင်းများ အတွင်းမှာပင် စနစ်တကျ မျိုးကွဲများ နှုတ်ပယ်ခြင်း၊ ပေါင်းမြတ်များ ရှင်းလင်းခြင်း စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ် စိုက်ဧက စုစုပေါင်း ၁၁၁၇ ဧက စိုက်ပျိုးထားရာ၊ ထုံးဘို (အနောက်) ကျေးရွာတွင် ၁၂၁ ဧက စိုက်ပျိုးထားပြီး၊ ကွင်းဆင်းစစ်ဆေးမှု လုပ်ငန်းများကို ၄၅၇ ဧကကို ကွင်းဆင်းစစ်ဆေးပြီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေဘိုခရိုင် ဦးစီးမှူး ဦးတင်မောင်ဆွေ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်း၊ ခရိုင်ပိုးမွှားတာဝန်ခံ ဒေါ်မာချို၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည် နှင့်ဝန်ထမ်းများ၊ ထုံးဘိုကျေးရွာမှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)