ကာမိုင်း ဩဂုတ် ၁၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်း၌ ဩဂုတ် (၁၇) ရက်နေ့ ညပိုင်းနှင့် (၁၈) ရက်နေ့ နံနက်ပိုင်းတွင် မိုးများရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်လာသဖြင့် ကာမိုင်း-ဖားကန့်သွား ကားလမ်းပေါ်နှင့် မြစ်ကြီးနား-တနိုင်းသွား ကားလမ်းပေါ်သို့ ရေများကျော်တက်လျက်ရှိကြောင်း သိရသည်။
ရေများကျော်တက်ရာတွင် ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ နန့်တိန်းကျေးရွာ စစ်တပ်ဂိတ်ရှေ့၌ နန့်တိန်းချောင်း ရေလျှံတက်လာသဖြင့် ကာမိုင်း-ဖားကန့်သွား ကားလမ်းမကြီးပေါ်သို့ ရေအနက် (၁) ပေခန့်၊ ကားလမ်းအရှည်ပေ (၃၀၀) ခန့် ရေကျော်ဝင်ရောက်လျက်ရှိပြီး ဖားကန့် အတက်/အဆင်းယာဉ်များ ရပ်တန့်မှုမရှိဘဲ ပုံမှန်ဖြတ်သန်း သွားလျက်ရှိကြောင်း သိရသည်။
ထို့အတူ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူဇွပ်ကျေးရွာတွင် မိုးကောင်းချောင်းရေ လျှံတက်လာမှုကြောင့် မြစ်ကြီးနား-တနိုင်းသွား (လီဒိုလမ်းမကြီး) ပေါ်သို့ ရေအနက်(၁)ပေခွဲခန့်၊ ကားလမ်းအရှည်ပေ (၆၀၀) ခန့်ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်များ ဖြတ်ကူးမရတော့ဘဲ ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်ကူးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကားလမ်းနှစ်နေရာတွင် ရေများကျော်တက်နေသော်လည်း လတ်တလောအခြေအနေတွင် ယာဉ်လမ်း ကြောင်းများ ပိတ်ဆို့မှုမရှိဘဲ ပုံမှန်ဖြတ်သန်းသွားလာလျက်ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)