သရက် အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အရေးပေါ် လူနာများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ခဲ့သည့် အောက်ဆီဂျင်စက်ရုံအတွက် အောက်တိုဘာ ၂၃ ရက်နေ့တွင် အောက်ဆီဂျင်စက် နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာရာ တပ်ဆင်မှုများပြီးစီး၍ ယနေ့နံနက်ပိုင်းတွင် စက်လည်ပတ်ပြီး အောက်ဆီဂျင်များ စတင်စမ်းသပ် ထုတ်လုပ်ပေးပြီဖြစ်ကြောင်း သိရသည်။
သရက်မြို့နယ်အတွင်း Oxygen Plant စက်တစ်လုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်ပေးမှုဖြင့် စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်များက ပြည်သူ့ဆေးရုံကြီး၏ မျက်နှာစာရှိ မြေကွက်လွတ် အကျယ်အဝန်း အလျား ၃၀ ပေနှင့် အနံ ၂၄ ပေရှိသည့် စက်ရုံအဆောက်အဦအား တည်ဆောက်ခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် (၄၀) လီတာ ဆန့်အောက်ဆီဂျင်အိုး (၈၀) လုံး ထုတ်လုပ်ပေး နိုင်မည် ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ် အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)