ဟားခါး အောက်တိုဘာ ၂၆
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက် ၁၂ နှင်အထက်၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ဟားခါးမြို့၊ အထက(၁)ခန်းမ၊ အထက(၂)ခန်းမနှင့် အထက(၄) ခန်းမ တို့တွင် ဆေးထိုးစုရပ် သုံးနေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေကို ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်အထူးကုဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ ဆေးမထိုးစုရပ်အုပ်စုမှန်မမှန် စိစစ်ခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့ထိုးနှံခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ သတ်မှတ်သည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်