ဖောင်းပြင်မြို့နယ်တွင် မျိုးကောင်းမျိုးသန့် မိုးစပါး RS to CS မျိုးစေ့ထုတ် (၁၆၄) ဧက စိုက်ပျိုး ပြီးစီး

ဖောင်းပြင် ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုး သန့်စပါးမျိုးများ ထုတ်လုပ် နိုင်ရန် မိုးစပါး RS to CS မျိုးစေ့ထုတ် ဧက ၃၀၀ စိုက်ပျိုးသွားရန် လျာထားပြီး လက်ရှိမြေပြင်တွင် ၁၆၄ ဧက စိုက်ပျိုးပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါမျိုးစပါးများကို ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မျိုးစပါး ပြတ်လပ်မှု မရှိစေရန်နှင့် တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ပြောင်းလဲ သုံးစွဲရာတွင် အဆင်ပြေစေရေးအတွက် ရည်ရွယ် စိုက်ပျိုးကြောင်း အဆိုပါဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် အရည်အသွေးကောင်း ဧရာမင်းစပါးမျိုး၊  အထွက်ကောင်း ဆင်းသုခရက် (၉၀)စပါးနှင့် အထွက်နှုန်း ကောင်း ဆင်းဧကရီ(၃) စပါးမျိုးတို့ကို မျိုးမသန့်သည့် စပါးမျိုးများ အလွယ်တကူဖယ်ရှား နိုင်ရန်၊ ပေါင်းပင်များအလွယ်တကူ ရှင်းလင်းနိုင်ရန်အတွက် ခြောက်တန်း တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုး ထားရှိပြီး ကျန်ရှိသောစိုက်ဧကများကို ချင်းတွင်းမြစ်ရေ ကျချိန်တွင် ဆက်လက်စိုက်ပျိုးသွားမည်ဟု သိရသည်။

ထိုသို့စိုက်ပျိုးထားရှိမှုအား စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးချစ်ဝင်းနှင့် ဝန်ထမ်း များက ယနေ့နံနက် ၁၁ နာရီအချိန်တွင် စိုက်ပျိုးထားရှိရာ ရောင်းဟီးကျေးရွာများမှ တောင်သူများနှင့်အတူ စပါးပင်များတွင် ပိုးမွှားရောဂါများ ကျရောက် နေမှု ရှိမရှိ ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး တောင်သူများအား မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူး များကို နည်းပညာပေး ပြောကြားခဲ့ကြသည်။

ကိုထွန်း(ဖောင်းပြင်)