အရာတော်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် မဲဆန္ဒရှင် အမည်စာရင်း ဖြည့်စွက်ပြင်ဆင်မှုများ တိုက်ဆိုင်စစ်ဆေး

အရာတော် ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲဆန္ဒရှင်အမည် စာရင်းတွင် ပါရှိစေရန် မြို့နယ်လုံးကျွတ် မဲဆန္ဒရှင် အမည်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ဆောင်ရွက် ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ဦးတင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ပူးပေါင်းကာ မဲဆန္ဒရှင် အမည်စာရင်းတွင် အချက်အလက် ကွဲလွဲနေမှုများ၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်အမည်စာရင်းတွင် မပါဝင်ဘဲ ကျန်ရှိနေသူများကို သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ပြင်ဆင်စေပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိရေး စနစ်တကျ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၂အုပ်စု၊ ကျေးရွာ ပေါင်း ၁၅၅ ရွာတွင် မဲဆန္ဒရှင်ပြည်သူ ကျား ၆၄၂၈၀ဦးနှင့် မ ၇၅၁၈၁ဦး ရှိပြီး စုစုပေါင်း မဲဆန္ဒရှင် ၁၃၉၄၆၁ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာဇာခိုင်၏ ပြောကြားချက်အရ သိရသည်။  

မြို့နယ် (ပြန်/ဆက်)