ပွင့်ဖြူ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းတော်ရာ ကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီး စိန်ဖူးတော် ၊ ငှက်မြတ်နား တော်နှင့် အရံစေတီ(၈)ဆူ ထိခိုက်ပျက်စီးခဲ့မှုအား ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညို နိုင်ရေး အတွက် အောက်တိုဘာ ၂၃ ရက် ၊ ယနေ့နံနက်ပိုင်းကစတင်ပြီး ဘုရားဒါယိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် မိသားစုက ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးအားပြန်လည် ပြုပြင်မွမ်းမံခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင် တန်း ဒေသသာသနာ နုဂ္ဂဟ အသင်း (ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် မိသားက ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော် ရာဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မာစာရ(သာသနာ့ဓဇ ဓမ္မာစရိယ)၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြုပြင်မွမ်း မံခြင်းလုပ်ငန်း အဖွဲ့က ရေရှည်တည်တံ့ခိုင်ခန့်မှုရှိအောင် စနစ်တကျ ပြုပြင်မွမ်းမံပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် မိုးသက် လေပြင်းတိုက် ခတ်မှုကြောင့် အရံစေတီများနှင့် ဘုရားရင်ပြင်တော်ပေါ်ရှိ တန်ဆောင်း ပြဿဒ်များ ထိခိုက်ပျက်စီးမှုအား ဂေါပကအဖွဲ့မှ ဘုရားကြီးအလှူငွေဖြင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက် သွားမည်ဖြစ် ကြောင်းနှင့် အဆိုပါ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းကို သီတင်းကျွတ်လ မကွယ်မီ အပြီးပြုပြင်မွမ်းမံပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီး၏ စိန်ဖူးတော် ၊ ငှက်မြတ်နားတော် မဏ္ဍိုင်ကွေးညွတ်မှု ပြန်လည်ပြုပြင်မွမ်းမံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူ များက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဂေါပက အဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးပြုပြင်မွမ်းမံနေမှုလုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့က သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးအား ရေရှည်တည်တံ့ခိုင်ခန့်မှုရှိအောင် စနစ်တကျ ပြုပြင်မွမ်းမံပြင် ဆင်သွားရန် တို့ကို ဆွေးနွေး မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )