မင်းလှ အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဆောင်းသီးနှံနေကြာ သီးညှပ်စိုက် တောင်သူများအား မျိုးစေ့များပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
မျိုးစေ့ပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းက တောင်သူများအနေဖြင့် နေကြာမျိုးစေ့များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသန်းအောင်ဆန်းက ဆောင်းသီးနှံ နေကြာသီးညှပ်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြက်များ ရရှိနိုင်သည့် အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆောင်းသီးနှံနေကြာသီးညှပ်စိုက် တောင်သူ(၄၄) ဦးအား ဧက(၂၀၀)အတွက် ဆင်းရွှေကြာ(၂) သက်တမ်း(၈၀/၈၅) ရက် မျိုးစေ့များအား ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သိလိုသည့် အချက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)