မော်လိုက် အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ညောင်သပြေ-လောင်းကောင်း ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်နှစ်စင်း တည်ဆောက်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်မြို့နယ် ညောင်သပြေ-လောင်းကောင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်(၁၈) ပေ၊ လမ်းအကျယ် ပေ(၂၀)ရှိ မန်ကော်ချောက် ကွန်ကရစ်တံတားနှင့် အရှည်ပေ(၂၀)၊ လမ်းအကျယ် ပေ(၂၀)ရှိ ယောချောင်ချောက် ကွန်ကရစ်တံတား စုစုပေါင်း ကွန်ကရစ်တံတားသစ် နှစ်စင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၇၉ ဒဿမ ၂) သန်းဖြင့် တင်ဒါအောင် ကလေးသားကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် လုပ်ငန်းများရာခိုင်နှုန်းပြည့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်လမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည်ကျော်ခိုင်နှင့် မြို့နယ် ကျေးလက်လမ်း ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ခဲ့ပြီး ကုမ္ပဏီတာဝန်ခံများနှင့် တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ လုပ်ငန်းသုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ခုံသာကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃၅ ဒဿမ ၃)သန်းဖြင့် ကလေးသားကုမ္ပဏီမှ ဆောင်ရွက်နေ့သည့် အရှည်ပေ(၄၉၅၀)၊ အကျယ်(၁၈)ပေရှိ ရွာအဝင်လမ်း နှင့် ကျေးရွာတွင်းလမ်း မြေသားတာဘောင်တင်ခြင်းနှင့် ဂျင်းခင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး