ဟင်္သာတ ဦးမိုးလေးဖြတ်တာ ကမ်းပြိုကမ်းစားမှု၊ ဖြတ်တာသစ် တည်ဆောက် ကာကွယ်ထားမှုနှင့် မြန်အောင် တာကမ်း ပြိုမှုတို့ကို ကြည့်ရှုစစ်ဆေး

ဟင်္သာတ  ဩဂုတ်  ၁၈

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုးသည် ဧရာဝတီတိုင်း‌ဒေသကြီး ဆည်‌‌မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဆွေ၊ လက်ထောက် ညွှန်ကြားရေးမှူး (စက်မှု) ဦးထွန်းရှိန်တို့ နှင့်အတူ ယမန်နေ့က ဟင်္သာတမြို့ ဆည်မြောင်းရုံးရှိ ဆည်မြောင်း ပြတိုက်အတွင်း ခင်းကျင်းပြသ ထားရှိမှုများကို ကြည့်ရှု ခဲ့ကြသည်။

ထို့နောက် အင်ဂျင်နီယာချုပ်(စက်မှု) နှင့်အဖွဲ့သည်  အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးဖြတ်တာ ကမ်းပြိုကမ်းစားမှုအခြေအနေ၊ ဖြတ်တာသစ်တည်ဆောက်ထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ လက်‌ထောက် ညွှန်ကြားရေးမှူး ဦးစံမင်း ရှင်းလင်းတင်ပြမှု များကို ညွှန်ကြားရေးမှူး ဦးကြည်ဆွေက ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အင်ဂျင်နီယာချုပ်(စက်မှု) နှင့်အဖွဲ့သည် ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်မြို့နယ် မြန်အောင်တာ တာမိုင် (၆/၃-၆/၄)ကြား ကမ်းပြိုမှု နှင့် မြန်အောင်တာ တာမိုင် (၆/၇+၃၃၀')ပန်းခြံအနီး ကမ်းပြိုမှုများကို လိုက်လံကြည့်ရှု စစ်‌ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)