ကြာအင်းဆိပ်ကြီးမြို့၌ ပန်းခင်းစီမံချက်အကြောင်း Talk Show ဆွေးနွေးပွဲပြုလုပ်

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဟူသောဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသားဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအား မိဘပြည်သူများသိရှိနားလည်နိုင်စေရေးအတွက် ပန်းခင်းစီမံချက် အကြောင်း Talk Show ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၃နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး‌ဒေါ်နှင်းကြည်က ပြည်သူများအနေဖြင့်သိသင့်သော ပန်းခင်းစီမံချက် အကြောင်းအရာများကို မေးမြန်းဆွေးနွေးကာမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက အောက်ပါ အတိုင်းပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူးမှဆွေးနွေးဖြေကြားရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသား အခွင့်အရေးရရှိရေး ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးကို လျှောက်ထား ကိုင်ဆောင်ရမည်ဖြစ်ပြီးအသက်ပြည့်ပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ မကျန်ရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၎င်းမှပြောကြားသည်။

ထို့နောက်မြို့နယ်ဦးစီးမှူးက ကျွန်တော်တို့ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌လည်း ဒေသခံ တိုင်းရင်းသားမိဘပြည်သူများအား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်အား ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာများသို့သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ် ရုံးတွင်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက်မြို့နယ်ဦးစီးမှူးက ကိုင်ဆောင်လက်မှတ် လျှောက်ထားသူတိုင်း ဓာတ်ပုံရိုက်ခ သွေးစစ်ခအပါအဝင် အခြားကုန်ကျမှုမပေးဆောင်ရပဲ အချိန်ကုန် ငွေကုန်ခြင်းမရှိပဲ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးကို အမြန်ရရှိစေမှာဖြစ်ကြောင်း ကိုင်ဆောင်လက်မှတ် မရှိသေးသော တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးများသို့ သွားရောက်ကာ အမြန်ဆုံး သတင်းပေးပို့ပြီး ပြုလုပ်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ တယ်လို့ သိရသည်။

မျိုးမင်းဦး