မကွေး အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီးအတွင်း ခန့်အပ်သည့်ဝန်ထမ်းသစ်များအား ဌာနတွင်း အခြေခံဘာသာရပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန် က မကွေးမြို့၊ ပညာရေးဒီဂရီကောလိပ် ခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တာဝန်ဖြစ်တဲ့ အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိနိုင်ရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဘဝပြည့်စုံရေးအတွက် နိုင်ငံသားတိုင်း လက်ဝယ်တွင် နိုင်ငံသားကတ်ကိုင်ဖို့ လိုအပ်တဲ့အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာမှာလည်း အချိန်အကန့်အသတ်နဲ့ လုပ်ငန်းပမာဏများတာကြောင့် ဝန်ထမ်းအင်အား ဖြည့်တင်းပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ အလုပ်လျှောက်လွှာတွေ ခေါ်ယူခဲ့ပါကြောင်း၊ ဝန်ထမ်းသစ် သင်တန်းသူ/သားများ အနေနဲ့ သင်တန်းကာလအတွင်းမှာ သင်တန်းဆရာများမှ မိမိဝန်ကြီးဌာနမှ စွဲကိုင်ကျင့်သုံးလျှက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များနှင့် လုပ်ငန်းခွင် အတွေ့အကြုံများကို သင်ကြားပို့ချပေးတဲ့အခါမှာ အပတ်တကုတ် သေချာစွာ ကြိုးစားသင်ယူ လေ့လာသွားရမှာဖြစ်ပြီး၊ ယူနီဖောင်းဝတ်ဌာနဖြစ်တဲ့အတွက် လက်နက်မဲ့ စစ်ရေးပြ သင်ခန်းစာကိုလည်း သေချာစွာသင်ကြားဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ မိမိတို့ကို အလုပ်အကိုင် အခွင့်အလမ်းတစ်ခုတင်သာမကပဲ နိုင်ငံ့ဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးခဲ့တဲ့ ကျေးဇူးကို သိတတ်သောအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရတဲ့အခါ နိုင်ငံ တော်အပေါ် သစ္စာရှိရှိနဲ့ ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြရန် ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့် က ဌာနတွင်း အခြေခံဘာသာရပ်သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ထမ်းသစ်များအနေဖြင့် သင်တန်းကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး RDT Test ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ မိမိတို့ဌာနမှ စွဲကိုင်ကျင့်သုံးလျက်ရှိသော ဥပဒေများနှင့် ဦးစီးဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များအား သေချာစွာ နားလည်သဘောပေါက်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်နှင့် လူမှုဆက်နွယ်ရေးဆိုင်ရာ အခြေခံသဘောတရားများကို သင်ကြားပို့ချ လေ့ကျင့်ပေးနိုင်ရေးနှင့် စစ်ရေးပြ လက်နက်မဲ့သင်ခန်းစာအား လက်တွေ့လေ့ကျင့်ပေး နိုင်ရေးအတွက် ဝန်ထမ်းသစ်များ ဌာနတွင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဝန်ထမ်းသစ်များ ဌာနတွင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ကို (၂၅.၁၀.၂၀၂၁) ရက်နေ့မှ (၂၉.၁၀.၂၀၂၁) ရက်နေ့အထိ ၅ ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၊ ဝန်ကြီးဌာနသမိုင်းနှင့် ဝန်ကြီးဌာနဖွဲ့စည်းပုံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဆိုင်ရာ ဘာသာရပ်များ၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနဆိုင်ရာ ဘာသာရပ်များ၊ ပြည်သူ့အင်အားဦးစီးဌာန ဆိုင်ရာ ဘာသာရပ်များ၊ ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ လက်နက်မဲ့စစ်ရေးပြ ဘာသာရပ်များ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုအောင်