ကော့သောင်းမြို့တွင် အသက်၁၈ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ကော့သောင်း အောက်တိုဘာ ၂၅ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  ဆေးထိုးစုရပ် အသီးသီး ၌ အသက်၁၈နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ် အဖြစ် သံဃာတော် နှင့်သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် အသက်၁၈နှစ်အထက် မြို့နေပြည်သူ(၃၀၀၀၀)ကျော်အား အောက်တိုဘာလ ဆန်းပိုင်းက ပထမအကြိမ်ထိုးနှံအပြီး ယခုဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံ ပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့ များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)