တမူး အောက်တိုဘာ(၂၄)
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယနေ့ထိုးနှံပေးခြင်းကို အောက်တိုဘာ(၂၄)ရက် နံနက်(၈)နာရီအချိန်မှစ၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
တမူးမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ (၁၅၀၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပြီး အောက်တိုဘာ(၂၃)ရက်နေ့တွင် (၅၉၂)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်အံ့မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်ကြည်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကြီး(တမူး)