ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား တတိယအသုတ် ပထမအကြိမ် (၁၁၅၃၀) ဦး ထိုးနှံပြီးစီး

သရက်     အောက်တိုဘာ   ၂၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ် စဉ်ဆက် မပြတ် ထိုးနှံပေးလျက်ရှိရာ  တတိယအသုတ် (ပထမအကြိမ်) ကို ရွှေသက်လွတ် ဘုရားဝန်း အတွင်းရှိ သာသနာ့ ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ (၆) ခုခွဲ၍ ယနေ့ နံနက် ၉ နာရီက  စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။     

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးသည့်စုရပ် (၆) နေရာဖြစ်သော  ရွှေသက်လွတ်ဘုရား ဝန်းရှိ သာသနာ့ ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာအုပ်စု၊ တလပါးကျေးရွာအုပ်စု၊ အလပ်လယ် ကျေးရွာအုပ်စုနှင့် ဘော်ကျေးရွာအုပ်စုများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ သရက်မြို့နယ်၌  တတိယအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၃၅၀၀) လုံး ထပ်မံရရှိထားပြီး အောက်တိုဘာ ၂၃ ရက်နေ့အထိ (၁၁၅၃၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း နေ့စဉ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)