ပခုက္ကူ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဝါစိုက်ပျိုးရာသီအတွင်း ဝါမျိုးစုံ ၅၅၅၀ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဝါအမျိုးအစားများအနေဖြင့် မိုးချည်မျှင်ရှည်ဝါ ၃၅၀ ဧက၊ မိုးနှောင်းချည်မျှင်ရှည်ဝါ၊ ၃၁၇၈ ဧက၊ မလှိုင် ၄၇၂ ၊ ဝါကြီး ၁၅၅၀ ဧက စုစုပေါင်း ဝါမျိုးစုံ ၅၅၅၀ ဧက စိုက်ပျိုးကြပြီး အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါမျိုးကို အများအပြား စိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါတစ်ဧကလျှင် ဝါပိဿာချိန် ၃၅၀ ခန့်နှင့် မြေအောက် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးနိုင်ပါက ဝါပိဿာချိန် ၄၀၀ ခန့်နီးပါးအထိ ထွက်ရှိကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် ဝါမျိုးများကို စက်တင်ဘာလမှစတင်ကောက်ယူလျက်ရှိရာ ဝါပိဿာချိန်ပေါင်း (၁၉၈၁၃၅၀) အထိ ထွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ဝါစိုက်ပျိုးရာသီတွင် မလှိုင် ၃၃၇၃ ဧက၊ ဝါကြီး ၂၇၇၃ ဧက၊ ချည်မျှင်ရှည်ဝါ ၅၈၇၉ ဧက စုစုပေါင်းဝါမျိုးစုံ ၁၂၀၂၅ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ထံက သိရသည်။
ထို့အပြင် ပခုက္ကူမြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီအတွင်း စပါး ၆၀၉၆၂ ဧက၊ ပဲမျိုးစုံ ၁၃၁၇၃၈ဧက၊ ဆီထွက်သီးနှံ ၂၀၁၀၄၂ ဧက၊ ပြောင်းမျိုးစုံ ၁၉၁၉၆ ဧက၊ စားဖိုဆောင်သီးနှံမျိုးစုံ ၄၁၂ ဧက၊ ဝါမျိုးစုံ ၅၅၅၀ ဧကနှင့် အခြားသီးနှံစုစုပေါင်း ၂၀၇၅၄၄ ဧက စိုက်ပျိုးပြီးစီးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း တောင်သူများ၏ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးပွားစေရေး၊ အရည်အသွေးပြည့်မီသည့်သီးနှံများ ရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ ကွင်းဆင်းပညာပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)