မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောက်ဆီဂျင်စက် ပွင့်ဖြူမြို့သို့ ရောက်ရှိလာပြီဖြစ်

ပွင့်ဖြူ အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများ အောက်ဆီဂျင်လိုအပ်ပါက အခက်အခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် အောက်ဆီဂျင် စက်ရုံ တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောက်ဆီဂျင်စက်မှာ ပွင့်ဖြူမြို့၊ အောက်ဆီဂျင်စက်ရုံအဆောက်အအုံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် အောက်ဆီဂျင်စက်အား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်အောက်ဆီဂျင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက အောက်ဆီဂျင်စက်ရုံ လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံ အဆောက်အဦအတွင်း ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ယခု ရောက်ရှိသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း၊  လိုအပ်သော စက်ရုံ တည်ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်အား AGT ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးသန့်ဇင်နှင့် ဝန်ထမ်းများက တာဝန်ယူ၍ ယနေ့ ညနေပိုင်းမှစတင်ပြီး တပ်ဆင်ပေးသွားမည်ဖြစ်ကာ မကြာမီအချိန်တွင် မြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားနာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေစွာ ဖြန့်ဝေပေးနိုင် တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝမ်းက ပြောကြားသည်။

ရဲဝင်းနိုင် (ညောင်ဦး)