ကန့်ဘလူမြို့နယ်တွင် မွေးမြူထုတ်လုပ်ရေးအခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ များအား လေ့လာဆန်းစစ်နိုင်ရန် ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် စစ်တမ်းများကောက်ယူ

ကန့်ဘလူ အောက်တိုဘာ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနအနေဖြင့် Australian Centre For International Agricultural Research- ACIAR စီမံကိန်းနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလတွင် မွေးမြူထုတ်လုပ်ရေး အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများအား လေ့လာဆန်းစစ်နိုင်ရန် ရည်ရွယ်၍ ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် စစ်တမ်းများကို အောက်တိုဘာ ၈ ရက်မှ ၂၂ ရက်နေ့အထိ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူခဲ့ရာတွင် ကန့်ဘလူခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ ကြီးကြပ် မှုဖြင့် မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာ ၂၃ ရွာတို့မှ နွားမွေးမြူသူ တောင်သူ ၁၀၀ ဦးနှင့် ဆိတ်မွေးမြူသူ တောင်သူ ၅၉ ဦးတို့ကို ကျဘမ်းစနစ်ဖြင့် ရွေးချယ်ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်တမ်းများ ကောက်ယူခဲ့ရာတွင် ဒေသခံမွေးမြူရေး တောင်သူများအနေဖြင့် ကိုဗစ်ကာလ အသွားအလာ ကန့်သတ်မှုကြောင့် တိရစ္ဆာန်များ ရောင်းဝယ်မှု အခက်အခဲနှင့် တိရစ္ဆာန်အစာစျေးနှုန်း မြင့်တက်မှု ပြဿနာများကို အများဆုံးကြုံတွေ့ရကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်း၏ ပြောပြချက်အရ သိရသည်။

ကျွဲ၊နွားနှင့် သိုး၊ဆိတ် စစ်တမ်းများ ကောက်ယူခြင်းလုပ်ငန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ရွေးချယ်ထားသော ကန့်ဘလူမြို့နယ် အပါအဝင် မြို့နယ် ၁၀၂ မြို့နယ်၌  ကိုဗစ်-၁၉ ကာလအတွင်း မွေးမြူထုတ်လုပ်ရေး အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများအား လေ့လာဆန်းစစ်နိုင်ရန် ရည်ရွယ်ကာ ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)