ပခုက္ကူမြို့၊ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်အရေးပေါ် ပေးသွင်းရန်လိုအပ်သည့် လူနာများအတွက် ပုံမှန်လည်ပတ် ဖြည့်ဆည်းပေးလျက်ရှိ

ပခုက္ကူ အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီးပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သံဃာ့ဆေးရုံရှေ့တည်ဆောက်ထားရှိသော အောက်ဆီဂျင်စက်ရုံရှိ စက်နှစ်လုံးမှ အရေးပေါ်အောက်ဆီဂျင် ပေးသွင်းရန်လိုအပ်သည့် ဆေးရုံတက်ရောက် လူနာများအတွက် ပုံမှန်လည်ပတ် ထုတ်လုပ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်နှစ်လုံးမှ တစ်လုံးမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၆ရက်တွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်းအနေဖြင့်  200KVA ထရန်စဖော်မာ အသုံးပြုထားပြီး တစ်နာရီလျှင် ၄၀ လီတာ ၁၀လုံးခန့်ထွက်ရှိသည့် XTFY Series PSA Oxygen Generator (60 Nm’/hr) စက်အမျိုးအစားဖြစ်ကြောင်း၊ နောက်တစ်လုံးမှာ ကွန်းခိုရာဖောင်ဒေးရှင်းမှ လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာလ ၃၀ရက်တွင်  အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိကြောင်း၊ တစ်နာရီလျှင် ၄၀ လီတာ ၄လုံးခန့် ထွက်ရှိသည့် Containerized Oxygen Generator System (XTFY-20/93) စက်အမျိုးအစားဖြစ်ကြောင်း၊ စက်ပစ္စည်းများ နေရာချထားရေးနှင့် နေ့စဉ်ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေးတို့အတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

ပခုက္ကူမြို့၊ အောက်ဆီဂျင်စက်ရုံမှ ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူကြသည့် လူနာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး၊ အောက်ဆီဂျင်များ အလေအလွင့်မဖြစ်ပွားစေရေး၊ စက်နှင့်ဆက်စပ်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် စက်ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေးတို့အတွက် ပခုက္ကူခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များက အခါအားလျော်စွာ သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။  

ဆလိုင်းကိုကီး