ပွင့်ဖြူ အောက်တိုဘာ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ ၈ ပေ ကျော်အထိ ရေကျော်ကျမှုများရှိခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာသဖြင့် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၅ ဒသမ ၂ ပေခန့်သာ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အောက်တိုဘာလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ ( ၈ ဒသမ ၁) ပေအထိ ရေကျော်ကျမှုဖြစ်ခဲ့ကြာင်း၊ အဆိုပါ ရေကျော်ကျမှုအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် တမံတွင် အစိမ်းရောင်သတိပေးအလံ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်၍ တမံရေပိုလွှဲမှ တစ်ဖြည်းဖြည်း ရေကျော်ကျမှုကျင်းလာပြီဖြစ်ကာ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ (၅ ဒသမ ၂)ပေခန့်သာ ဆက်လက်ရေကျော်ကျမှုရှိပြီး ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်နိုင်သည့် ဆည်တစ်ခုဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိသော လျှပ်စစ်ဓာတ်အား များကိုလည်း မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးလျက်ရှိသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ (နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီ ရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေအား အလုံအလောက် ဖြန့်ဝေပေးနေသဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေး အဓိက မှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
ရဲဝင်းနိုင်