ပွင့်ဖြူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ မိုးတွင်းကာလ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသော ဖီဒါ(၃) ရှောက်တောကျေးရွာ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများ လျော့နည်း ကျဆင်းရေး၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ရှောက်တောကျေးရွာသို့ ဖြန့်ဖြူးပေးထားသော ဖီဒါ(၃) လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများ အစားထိုး အသစ်လဲလှယ်ခြင်းများကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြသည်။
အလားတူ လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ကလည်း ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ - မဲဇလီကျေးရွာ လျှပ်စစ် ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း၍ ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။
ရဲဝင်းနိုင်