နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ  ၂ ပေ  ဆက်လက် ရေကျော်ကျလျက်ရှိ

နတ်မောက် အောက်တိုဘာ  ၂၃

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ ရေပိုလွဲမှ ၂ ပေ  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။ 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် ယမန်နေ့တွင် တမံရေပြည့် အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ်( ၆၈၅ ဒသမ၂) ပေ ရှိ၍( ၂ ဒသမ၂) ပေခန့် ရေပိုလွှဲမှရေကျော်ကျခဲ့ပြီး ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၅ ပေ ရှိပြီး ၂ ပေ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

နတ်မောက်ရေလှောင်တမံ ရေပိုလွဲမှရေကျော်ကျမှု ရှိနေသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ သိရှိအောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ  တာဝန်ခံဦးထိန်လင်းထံမှ သိရသည်။

သင်းသင်းမြတ်