ကျောင်းကုန်းမြို့နယ် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် စတင်ထုတ်လုပ်နိုင်ပြီ

ကျောင်းကုန်း အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင် စက်သည် ယနေ့နံနက် ၁၀ နာရီက အောက်ဆီဂျင် စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံသည် တရုတ်နိုင်ငံထုတ်  20 MM3  အမျိုးအစား ဖြစ်ပြီး၊ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း (၈၅၀) ခန့် ကုန်ကျခဲ့ကြောင်းနှင့် တစ်နာရီလျှင် (၄၀) လီတာ အောက်ဆီဂျင်အိုး (၄) လုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ တစ်နေ့လျှင် နာရီ (၂၀) မောင်းနှင် နိုင်သဖြင့် (၄၀) လီတာအိုး အလုံး(၈၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အများပြည် သူများ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း အောက်ဆီဂျင်ဖြစ်မြောက်ရေး အကျိုးဆောင် ဦးဇော်လွင်ဦးက ပြောသည်။

အောက်ဆီဂျင် စတင်ထုတ်လွှတ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း အဖွဲ့ဝင် (၁) ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အောက်ဆီဂျင်ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့များ ကြည့်ရှုခဲ့ကြပြီး၊ အောက်ဆီဂျင်အိုး (၄၀) လီတာအိုးအတွင်း အောက်ဆီဂျင်ပါဝင်မှုမှာ (၉၅)% ရှိကြောင်း တိုင်းတာ သိရှိရသည်။

ယခုအခါ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံနှင့် ဝက်ချောင်း တိုက်နယ်ဆေးရုံတို့မှ အောက်ဆီဂျင်လိုအပ်နေသော လူနာများအပြင် အခြားမြို့နယ်များမှ လူနာများ အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)