မြို့သစ် အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေး အတွက်၊ အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြတ်ကိုကိုနှင့် ဝန်ထမ်းများက လျှပ်စစ်မီးအသုံးပြုနိုင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်ထံက သိရသည်။
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက် တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း၊ လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့် အ ခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၆၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံအား အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် မြို့နယ်သူ/ မြို့နယ်သားများက အလှူငွေများထည့်ဝင် လှူဒါန်းပေးကြကြောင်း၊ ထို့အပြင် စက်ရုံတည်ဆောက်ရာတွင် လိုအပ်သော အုတ်၊ သဲ ၊ ကျောက် ပစ္စည်းများကိုလည်း မြို့နယ်အတွင်းရှိ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းရှင်များက ကူညီပံ့ပိုးလှူဒါန်းပေးကြကြောင်းနှင့် ယခုအခါ အောက်ဆီဂျင်စက် ထားရှိမည့်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းမှာ အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ကိုဇော်