ဝါးခယ်မမြို့နယ် ကမ်းပြိုကျေးရွာတွင် မြစ်ကမ်းပါးပြိုကျသဖြင့် ဘုန်းတော်ကြီးကျောင်း နတ်လမ်းနှင့် ဆွမ်းစားဆောင်တို့ ဖျက်သိမ်းခဲ့ရ

ဝါးခယ်မ အောက်တိုဘာ၂၃

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကမ်းပြိုကျေးရွာအုပ်စု၊ ကမ်းပြိုကျေးရွာတွင် ယနေ့နံနက် (၈) နာရီအချိန်က ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျသဖြင့် ဘုန်းတော်ကြီးကျောင်း နတ်လမ်းနှင့် ဆွမ်းစားဆောင်တို့ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအလျား (၇၀) ပေ၊ အနံ(၁၅)ပေခန့် ပြိုကျခဲ့ရာ မြစ်ကမ်း ပါး အနီးရှိ သာသနာ့ လင်းရောင်ခြည်ကျောင်းတိုက်၏ ဆွမ်းစားဆောင်နှင့် ကျောင်းအဝင်နတ်လမ်းတို့ ဖျက် သိမ်းခဲ့ရပြီး လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် သာသနာ့ လင်းရောင်ခြည်ကျောင်းတိုက်မှအပ လူနေအိမ်များ မရှိကြောင်းသိရပြီးရွှေလောင်း နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ကမ်းပြိုကျေးရွာတွင် အိမ်ခြေ(၁၂၅)လုံး၊ အိမ်ထောင် (၁၇၄)စု၊ လူဦးရေကျား (၂၆၄) ဦး၊ မ(၂၇၉)ဦး၊ ပေါင်း(၅၄၃)ဦးတို့ နေထိုင်ကြောင်း၊ သာသနာ့လင်းရောင်ခြည် ကျောင်းတိုက်တွင် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ သက်တော်(၄၅)နှစ်၊ သိက္ခာတော် (၁၀)ဝါ အပါအဝင် ရဟန်း(၄)ပါး၊ သာမဏေ(၂)ပါး၊ စုစုပေါင်း(၆)ပါးတို့ သီတင်းသုံးလျက်ရှိပြီး ကျန်ရှိသောအဆောက်အဦများမှာ လင်းရောင်ခြည် (၁) ကျောင်း၊ သိမ်(၁)ကျောင်း၊ ဆွမ်းချက်ရုံ (၁)ကျောင်း၊ ဓမ္မာရုံ(၃)ကျောင်း၊ စုစုပေါင်း(၆)ကျောင်းဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)