ဖလမ်း အောက်တိုဘာ ၂၃
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာနိုင်သဖြင့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ဆောင်ရွက်မှုကို ဖလမ်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခေါင်ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီက၊ ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက်နေရာများတွင် အလှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက် ကြောင်းသိရသည်။
အသိပညာပေးဆောင်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လိုက်နာရမည့်အချက်များ အသိပေးနှိုးဆော်ခြင်း၊ ဖလမ်းမြို့ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ စည်ပင်သာယာရေး ဈေးများတွင် ဈေးရောင်း/ ဈေးဝယ်သူများ အနေဖြင့် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းရှိမရှိ၊ ဈေးဆိုင်များတွင် ကြိုးတန်းထားခြင်းရှိ/ မရှိစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းကမ်းချက်များနှင့်အညီ ဈေးရောင်း/ဈေးဝယ်ဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖလမ်းမြို့အတွင်းသို့ Stay at Home မြို့နယ်များမှ လာရောက်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး သတ်မှတ်ထားသော Quarantine Centre များ တွင် (၇)ရက်နေထိုင်ပြီး (၇)ရက်ပြည့်ပါက ထပ်မံစစ်ဆေးမှု ခံယူရမည်ဖြစ်ရာ ရောဂါပိုးတွေ့ရှိပါက ဖလမ်း ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက် ကုသမှုခံယူရမည်ဖြစ်ပြီး ရောဂါပိုး မတွေ့ရှိသူများအနေဖြင့် မိမိတို့ နေထိုင်မည့် သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပေးပို့၍ နေအိမ်တွင် Home Quarantine (၇)ရက် ထပ်မံဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုကို ဖလမ်းမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဖလမ်းမြို့ နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့က ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုရှိန်း