ဝါးခယ်မ အောက်တိုဘာ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာ အုပ်စု/ကျေးရွာ၊ ကျွန်းကုန်းတံတား တည်ဆောက်ရေးစီမံကိန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ (၁:၅၀)က တံတားတည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် အဖွဲ့သည် မြောင်းမြမြို့နယ်၊ ပမ္ပဝတီတံတား တည်ဆောက်ရေးစီမံကိန်းမှ ရောက်ရှိလာပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများ လှည့်လည်စစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ စီမံကိန်း ရှင်းလင်းဆောင်တွင် တည်ဆောက်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထောင်စိန်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက စံချိန်စံနှုန်းများနှင့် အညီ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွန်းကုန်းတံတားအား တည်ဆောက်ရေး အထူးအဖွဲ့(၂)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထောင်စိန်နှင့်အဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် နိုင်ငံတော်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရံပုံငွေကျပ် (၇၆၀၀)သန်းဖြင့် စတင်တည်ဆောက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးရမည် ဖြစ်သော်လည်း COVID-19 ကူးစက်ရောဂါ ဆိုင်ရာကိစ္စရပ်များကြောင့် လုပ်ငန်းများရပ်နားခဲ့ရသဖြင့် ပြီးစီးရမည့် ရက်အား ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်ထိ တိုးမြှင့်သတ်မှတ်ထားကြောင်း၊ တံတားအရှည် (၂၄၀)မီတာ၊ အကျယ် (၇.၃၂)မီတာ (တစ်ဖက်လျင်လူသွားလမ်း(၀.၉၁)မီတာအပါ)၊ အောက်ခြေသံကူကွန်ကရစ်ဘိုးပိုင်၊ အပေါ်ထည်နှင့် ကြမ်းခင်း သံကူကွန်ကရစ်ဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ် အမြင့်(၅.၅)မီတာ၊ အကျယ်(၁၆၀)ပေ၊ ခံနိုင်ဝန်(၆၀)တန်ဖြစ်ပြီး (၉၅)ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စောသန္တာဦး