ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပွင့်ဖြူ အောက်တိုဘာ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က  မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း၊ လူထုအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း၊ ပိုးတွေ့အတည်ပြု လူနာများအတွက် Treament Centre ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက် ကုသပေးမှုလုပ်ငန်းများနှင့် အောက်ဆီဂျင် အခက်အခဲမဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှုလုပ်ငန်းများ၊ ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်း ရရှိရေးအတွက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ချပြရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ သည်။  

ရဲဝင်းနိုင် ( ညောင်ဦး )