ဘိုကလေး အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ ကြီးမှူးကာ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မတည်အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူစုပေါင်းလှူဒါန်းငွေများဖြင့် ယခုနှစ် ဩဂုတ်လမှစတင်၍ ဘိုကလေးမြို့နယ်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအနီး၌ အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်ခဲ့ရာ အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုမည့် အောက်ဆီဂျင် များကို ယနေ့မှစတင်၍ စမ်းသပ်ထုတ်လုပ်နိုင်ပြီဖြစ်သည်။
အဆိုပါ အောက်ဆီဂျင် စမ်းသပ်ထုတ်လုပ်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ပြီး စမ်းသပ်ထုတ်လုပ်သည့် ကာလအတွင်း တစ်နာရီလျှင် (၄၀)လီတာအိုး(၁၀)လုံး ထုတ်လုပ်နိုင်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးနှင့် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကျငွေမှာ သိန်းပေါင်း(၂၀၀၀)ခန့်ရှိပြီး မကြာခင်ရက်ပိုင်းအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်ပွဲနှင့်အတူ အများပြည်သူများအတွက် အောက်ဆီဂျင်များ အခမဲ့ပေးဝေ အကျိုးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
မိုးစက်