သဲကုန်း အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အားလုံးရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထွဋ်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းတို့က ပန်းခင်းစီမံချက်ဟု အမည်ပေးရသည့် ရည်ရွယ်ချက်၊ ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများ အကြောင်း၊ ပြည်သူများ လာရောက်လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက် အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် အသက်အရွယ် ကန့်သတ်ချက် များနှင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)