ပွင့်ဖြူ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ လောကမာန်အောင်မြတ်စွာ ဘုရားကြီးအား ဝါလကင်းလွတ် သီတင်းကျွတ် ဆီမီးထွန်းပွဲတော် အထိမ်းအမှတ် ယမန်နေ့ ညနေ ၅ နာရီက ရပ်ကွက်နေ ပြည်သူများ စုပေါင်း၍ ဒုတိယနေ့ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ ဒေသခံ ပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ လောကမာန်အောင်မြတ်စွာ ဘုရားကြီးကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရပ်ကွက်နေပြည်သူများနှင့် စေတနာအလှူရှင်များ စုပေါင်းပြီး ရိုးရာမပျက် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ရပ်ကွက်နေပြည်သူများက ဆီမီးတစ်ထောင် ပူဇော်ပွဲကို သီတင်းကျွတ် လပြည့်နေနဲ့ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ (၂)ရက်ကြာ ထွန်းညှိ ပူဇော်တာ ဖြစ်ပါတယ်။ ယခုလို သီတင်းကျွတ်လအခါသမယမှာ ဘုရားရှင်ကို ရည်မှန်းပြီးတော့ ဆီမီးထွန်းညှိ ပူဇော်ရတာ ကုသိုလ်လဲရသလို အရမ်းလည်းစိတ်ကြည်နူးဖို့ကောင်းပါတယ်။ ဆီမီးထွန်းညှိပူဇော်ပွဲ အစဉ်အလာမပျက် ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများ စုပေါင်းပြီးတော့ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ပြီးတော့ အလှူငွေများ ကောက်ခံခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူများကလည်း မိမိတို့တတ်နိုင်သမျှ သဒ္ဓါတရား ထက်သန်စွာနဲ့ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြပါတယ်။
ယနေ့ဒုတိယမြောက်နေ့အဖြစ် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်းကို ညနေ ၅ နာရီကစပြီး ထွန်းညှိပူဇော် ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ယခုလို သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ ဘုရားကျောင်းကန်များအပြင် ကျေးရွာတွေမှာရှိတဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းများရှိ ဘုရားစေတီပုထိုးတွေမှာလည်း ကျေးလက်နေ ပြည်သူများက ရိုးရာမပျက် ဆီမီးထွန်းညှိ ပူဇော်ပွဲကို ကျင်းပပြီးတော့ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် အလွန်စည်ကားပါတယ်” ဟု ပွင့်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်မှ ဒေသခံပြည်သူ ဦးသိန်းစိုး က ပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)