ပခုက္ကူမြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၈၄ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး

ပခုက္ကူ အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၈၄ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပခုက္ကူမြို့နယ်အတွင်းရှိ မြို့ပေါ်အမှတ်(၁)နှင့်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကမ္မမြို့အခြေခံပညာ အထက်တန်းကျောင်း၊ မြစ်ခြေမြို့အခြေခံပညာ အထက်တန်းကျောင်း၊ ကျွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၊ နန်းတော်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ဒဲ့ပြား ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း၊ ဝါဇီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း စသည့်သတ်မှတ် ဆေးထိုးစုရပ် ရှစ်နေရာတို့တွင်  အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလ ၁၇ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်အထိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁၂၂ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊  ကျောင်းသူ ၉၆၂ဦး၊ စုစုပေါင်း ၃၀၈၄ ဦးတို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၆၃၅ဦးရှိပြီး ကျန်းရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူထံက သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)