လက်ပံတန်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ အဖွဲ့ဝန်ကြီးများ၊ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက လက်ပံတန်းမြို့နယ် ရေကန်ကျေးရွာ အဆင့်မြင့်လယ်ယာ ဧကတစ်ရာ စီမံကိန်းရှိ ဧက (၁၀၀) စပါးစံပြစိုက်ကွင်း စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကန်ကျေးရွာ အဆင့်မြင့်လယ်ယာ ဧကတစ်ရာစီမံကိန်းမှ တောင်သူ ၁၅ ဦး၏ တစ်ဧကတင်း(၁၀၀) ထွက်ရှိရေး စပါးစံပြစိုက်ကွင်းရှိ စပါးစိုက်ပျိုး ထားမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဧကတစ်ရာစိုက်ကွင်းရှေ့ရှိ တောင်သူများအနေဖြင့် စပါးများ အလေအလွင့် မရှိစေရေးနှင့် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထား ရှိသော စပါးအခြောက်ခံစက်အား ကြည့်ရှုပြီး လယ်ယာထွက် ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီအောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန အနေနှင့် တောင်သူများ လိုအပ်သော နည်းစနစ်များကို စဉ်ဆက်မပြတ်ပံ့ပိုး ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး (လက်ပံတန်း)