သီတင်းကျွတ်လပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မီးပုံပျံလွှတ်တင်ပွဲကျင်းပ

ဘားအံ အောက်တိုဘာ ၂၁

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် အဘိဓမ္မာတရားတော်များ ဟောကြားတော်မူပြီး တာဝတိံသာမှ ဆင်းသက်လာသည့် မြတ်စွာဘုရားကို ရည်မှန်းပူဇော် ကုသိုလ်ယူသောအားဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မီးပုံးပျံလွှတ်တင်ပွဲကို (သီတင်းကျွတ်လပြည့်) ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်းတွင်  ကျင်းပသည်။

မီးပုံးပျံလွှတ်တင်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းပွဲတော်တစ်ရပ်ကို ပြည်နယ်သူ ပြည်နယ်သားများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စုပေါင်းပါဝင်ဆင်နွှဲကြသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက် ကြည်နူးမိပါကြောင်း၊ ယနေ့ကျင်းပသည့် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲသည် ဘာသာရေး အရ ကုသိုလ်ယူပူဇော်ခြင်း၊ ပြည်နယ်အတွင်း အေးချမ်းသာယာပြီး စုစည်းသောအားဖြင့် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခြင်းနှင့် ပြည်နယ်၏ တည်ငြိမ်အေးချမ်းသာယာသည့် ပုံရိပ်ကို ထင်ဟပ်ပြသခြင်းစသည့် အနှစ်သာရများဖြင့် ပြည့်ဝပါကြောင်း၊ ကရင်ပြည်နယ် တည်ငြိမ်းအေးချမ်းပြီး ဖွံဖြိုး တိုးတက်ရေးအတွက် ယခုကဲ့သို့ပင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို  ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အချက်ပေးမောင်းတီးခတ်၍ စတင်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မီးပုံးပျံလွှတ်တင်မှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြကာ အမြင့် ၃၀ ပေခန့် နှင့် အချင်း ၁၅ ပေခန့်အရွယ်ရှိ မီးပုံးပျံ ၁၁ လုံးကို ကရင်တိုင်းရင်းသားရိုးရာအဝတ်အထည်များ၊ လက်ကိုင်ပုဝါနှင့် လက်ကိုင်အိတ်များ၊ ရောင်စုံအလံများ ချိတ်ဆွဲ၍ ကရင်ရိုးရာဒုံးအကများ၊ အိုးစည်၊ ဗုံမောင်းများ၊ အတီးအမှုတ် အကအခုန်များဖြင့် အေးချမ်းပျော်ရွှင်စွာ လွှတ်တင်ခဲ့ကြသည်။

မီးပုံးပျံလွှတ်တင်ပွဲ အပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မီးပုံးပျံလွှတ်တင်သည့် အဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် ကျောက်ကလပ်စေတီတော် ချမ်းသာကြီးမြတ်စွာဘုရားရင်ပြင်၌ ကျောက်ကလပ်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသဖွံဖြိုးရေးဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာများအား လျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆွမ်းဆန်တော်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ကျောက်ကလပ် သဘာဝ ရေပြင်အတွင်းရှိ ဘေမဲ့ငါးများအား ငါးစာများကျွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင် သံလွင်တံတားအနီးရှိ ထောင်ဝိတောင် ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ (၁၆၅)ဧကအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာနမှူး ဦးပြည့်စုံမျိုးက ကိုဗစ်အလွန်ကာလတွင် ထောင်ဝိတောင်ဘူမိရုပ်သွင် ထူးခြားနယ်မြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လေ့လာ ကြည့်ရှုနိုင်ရေး၊ ကြိုးဝိုင်းနယ်နမိတ်မှတ်တိုင်များ စိုက်ထူ၍ ထုံးကျောက်တောင် ဂေဟစနစ်များ ပေါ်လွင်စေရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)