ဝါးခယ်မမြို့နယ်၌ မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၆)လုံးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဝါးခယ်မ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်းကျေးရွာတွင် ယမန်နေ့ နံနက် (၁၀)နာရီက ရွှေလောင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းပါးအနီးရှိ နေအိမ် (၆)လုံးယာယီရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ရွှေလောင်းရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား(၅၅)ပေ၊ အနံ(၂၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော နေအိမ်(၆)လုံးနှင့် မိသားစုဝင်ကျား (၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၂)ဦးတို့အား ရွှေလောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြ‌ကြောင်း သိရသည်။

အထက်ပေကုန်း ကျေးရွာအုပ်စုတွင် အထက်ပေကုန်းကျေးရွာ (၁)ရွာတည်းရှိပြီး အိမ်ခြေ (၅၇၈)လုံး၊ အိမ်ထောင်စု(၅၈၂)စု၊ လူဦးရေကျား(၁၂၄၁)ဦး၊ မ(၁၂၇၈)ဦး၊ စုစုပေါင်း(၂၅၁၉)ဦးတို့ နေထိုင်ကြောင်းနှင့် ၎င်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်ကမ်းပါး အနီးတွင် တည်ရှိသောကြောင့် အလားတူမြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)