မေး။ မင်္ဂလာပါသမီး။ သမီးရဲ့ အသက်ရယ်၊ တက်ရောက်ပညာသင်ကြားနေတဲ့ အတန်းနဲ့ ကျောင်းအမည်လေးရယ်၊ အခုကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်ဆိုတာ ဘယ်လိုသိရှိခဲ့သလဲဆိုတာ ပြောပြပေးပါလား။
ဖြေ။ သမီးရဲ့နာမည်က မရွှန်းလဲ့လဲ့ဝေပါရှင့်၊ ရေဦးမြို့နယ် ရွာဗုကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှာ ပညာသင်ယူနေတဲ့ နဝမတန်းကျောင်းသူဖြစ်ပါတယ်၊ ကျမတို့ ကျောင်းသား တွေ ကာကွယ်ဆေးထိုးပြီး ပညာသင်ကြားရမယ်လို့ ထင်မထားခဲ့ဘူး၊ အသက်အရွယ်ကြီးတဲ့သူတွေပဲ ကာကွယ်ဆေး ထိုးရတယ်လို့ပဲ သိထားခဲ့ပါတယ်၊ အခု နိုင်ငံတော်က ပညာရေးနှောင့်နှေးမှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါနဲ့အတူ ယှဉ်တွဲလျက် ပညာသင်ကြားနိုင်ရေး စီစဉ်ပေးနေတာလို့ ဖေဖေကပြောပြ ထားတယ်၊ သတင်းစာထဲမှာလဲ ဖတ်လိုက်ရတယ်၊ ကျောင်းသားလေးတွေကို ကာကွယ်ဆေး ထိုးပေး တော့ မယ်ဆိုတာရယ်၊ ရခိုင်ပြည်နယ်မှာ စတင်ထိုးပေးနေပြီဆိုတာရယ်၊ အခုကျမတို့ နေထိုင်ရာ စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ တတိယပတ်ကစလို့ ကာကွယ်ဆေးတွေ ထိုးပေးနေပြီဆိုတာ ရုပ်မြင်သံကြားမှာ ကြေညာနေတော့ ကြားရသိရတာပေါ့၊ ကျမတို့ မြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်နေ့က ကလေးတွေ ကာကွယ်ဆေး ထိုးပေးမယ်ဆိုတာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက လှည့်လည်အသိပေးကြောညာတယ်လေ၊ ကျန်းမာရေးအသိပညာပေး လှည့်လည်လှုံ့ဆော် ပေးမှု တွေကြောင့် သိခဲ့ရပါတယ်ရှင့်။
မေး။ သမီးအနေနဲ့ ကာကွယ်ဆေးထိုးဖို့ တကယ်ဆန္ဒရှိခဲ့တာလား၊ မိဘတွေရောသဘောတူကြရဲ့လား၊
ဖြေ။ သမီးအနေနဲ့ ပြောရရင် ကာကွယ်ဆေးက ကျမတို့အတွက်မဟုတ်ဘူးလို့ ထင်ထားခဲ့တာ၊ ကိုဗစ်-၁၉ ရောဂါက ကလေးတွေကို ကူးစက်မှုနည်းတယ်လို့ သိထားတယ်လေ၊ ဖေဖေနဲ့ မေမေကပြောတယ် ကိုဗစ်စတုတ္ထလှိုင်းက ကလေးတွေကို ဦးတည်လာနိုင်တယ်တဲ့၊ သတင်းစာတွေဖတ်ခိုင်းတယ်၊ " ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေး ကာကွယ်ဆေးထိုးကြစို့" သတင်းဆောင်းပါးရယ် ကိုဗစ်ရောဂါနဲ့အတူ ယှဉ်တွဲ ပညာသင်နိုင်ဖို့ ကာကွယ်ဆေးထိုးကြစို့ဆိုတဲ့ သတင်းတွေမှာ ကလေးတွေ ဆေးထိုးပေးဖို့အကြောင်း တွေပါတယ်၊ သမီးဖတ်ပြီး ကာကွယ်ဆေး ထိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်၊ မိဘတွေပြောလို့လည်း ကာကွယ်ဆေးအကြောင်း သိခဲ့ရတာပါ၊ ဖေဖေနဲ့ မေမေတို့က သဘောတူတယ်၊ ဆေးထိုးရပ်ကိုလည်း လိုက်ပို့ပေးပါတယ်။
မေး။ သမီးတို့လို ကျောင်းသားတွေအတွက် စီစဉ်ထားတဲ့ ကာကွယ်ဆေးအမည်ကို ရောသိရဲ့လား၊ ဆေးထိုးနှံပြီးချိန်မှာ နေရတာဘယ်လိုရှိလဲ၊ နောက်ဆက်တွဲ ဆိုးကျိုးလေးတွေရော သိထားရဲ့လား၊ ဆေးမထိုးရသေးတဲ့ သမီးသူငယ်ချင်းတွေကို တစ်ခုခုပြောချင်တာရှိရင် ပြောပေးပါလား။
ဖြေ။ ။သမီးတို့အတွက် ထိုးပေးနေတဲ့ ကာကွယ်ဆေးအမည်က စီနိုဗစ် (Sinovac) ဆေးလို့ သိထားပါတယ်၊ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေလည်း သိထားပြီးဖြစ်ပါတယ်၊ လူတစ်ရာမှာ နှစ်ယောက်လောက်ပဲ ဖြစ်တတ်တယ်တယ်လို့လည်း သိပြီးဖြစ်ပါတယ်၊ ဆေးထိုးပြီးတဲ့အချိန်မှာ မူးတာ၊ ဝေတာ၊ ပျို့အန်တာတစ်ခုမှ မဖြစ်ပါဘူး၊ ဆေးထိုးခါနီးတော့ နဲနဲတော့ ကြောက်မိသလိုလိုဖြစ်မိပါတယ်၊ သမီးရဲ့သူငယ်ချင်းတွေကို ပြောချင်တာရှိပါတယ်၊ ကာကွယ်ဆေးထိုးဖို့ မကြောက်ကြပါနဲ့၊ ဘာမှမဖြစ် ပါဘူး၊ ကာကွယ်ဆေးထိုးကြပါ၊ ကာကွယ်ဆေးထိုးပြီးရင် ပျော်ပျော်ရွှင်ရွှင်ဖြင့်အတူ ပညာသင်ကြားချင် ပါတယ်။
ကျေးဇူးတင်ပါတယ် သမီး။
မေး ။ မင်္ဂလာပါခင်ဗျာ၊ အခုအန်တီအနေနဲ့ သမီးလေးနဲ့ လိုက်လာတာဆိုတော့ ဘာတော်လဲ သိပါရစေ။
ဖြေ။ ဟုတ်ကဲ့ပါရှင့်၊ ကျမကကျောင်းသူလေး မရွှန်းလဲ့လဲ့ဝေရဲ့ မိခင်ဖြစ်ပါတယ်၊
မေး။ အခုလိုအသက် ၁၂ နှစ်အထက် ကျောင်းသားတွေ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးမှုအပေါ် ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ကလေးတွေ ကာကွယ်ဆေးထိုးနှံပေးတာ တကယ်ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်၊ ကလေးတွေ ပညာသင်ကြားရေးမှာ များစွာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်၊ ဘာဖြစ်လို့ လဲဆို ကပ်ရောဂါကြီးက ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှ ရပ်မည်မသိဘူး၊ ကပ်ရောဂါကြီးပြီးမှသာ ပညာသင်ကြားရမည်ဆိုပါက ပညာရေးကဏ္ဍ အစစအရာရာ နောက်ကျသွားပါလိမ့်မယ်၊ နိုင်ငံတော်ရဲ့ ရည်မှန်းချက်အတိုင်း ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရေး နည်းလမ်းသည်သာ အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါတယ်။
မေး။ အန်တီတို့မှာ မိသားစုဝင်ဘယ်နှစ်ဦး ရှိပြီးအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြပြီလား၊ အန်တီတို့ မိသားစုဝင် ခြောက်ဦးရှိပါတယ်၊ အခုသမီးငယ် ကျောင်းသူလေးအပါအဝင် ကာကွယ်ဆေး ထိုးပြီးသွားပါပြီ။
မေး။ အန်တီအနေနဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးနေမှုနဲ့ ပတ်သက်တဲ့ အမြင်လေးရှိရင် အကြံပြု ပြောကြားပြောပါ လား။
ဖြေ။။ အန်တီအနေနဲ့ နိုင်ငံတော်အစီအစဉ်နဲ့ အခုလိုကာကွယ်ဆေး ထိုးပေးနေတာနဲ့ ပတ်သက်လို့ ပြောရရင် ကလေးတွေအတွက် စာသင်နှစ် တစ်နှစ် မဆုံးရှုံးတော့ဘူး၊ အများနဲ့အတူ ယှဉ်တွဲသွားလာ ပညာသင်ယူနိုင်မယ်၊ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်မယ်၊ ကူးစက်ခဲ့လျှင်လည်း ရောဂါပြင်းထန်စွာ မခံစားရဘူးဆိုတော့ တကယ်အကျိုးရှိတဲ့ လုပ်ငန်းဖြစ်တယ်လို့မြင်တယ်၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကလေးတွေကျန်းမာမှ သူတို့ရဲ့အနာဂတ် သူတို့ရဲ့ရည်မှန်းချက် သူတို့ရဲ့ ပန်းတိုင် အရောက်လှမ်းနိုင်မှာပါ၊ ကျမတို့ မိဘတွေဘက်ကလည်း မျိုးဆက်သစ်လူငယ်တွေ အနာဂတ် ပန်းခင်းဆီရောက်အောင် ပံ့ပိုးကူညီ ထောက်ပံ့ ပေးသွားသင့်တယ်လို့လည်း မြင်မိပါတယ်။
သန်းသန်း (ရေဦး)