ပွင့်ဖြူ အောက်တိုဘာ ၂၀
ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်း ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စညးကားလျက် ရှိနေကြောင်း အဆိုပါ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးမှာ ရပ်ဝေးရပ်နီးက ဘုရားဖူး လာရောက်ကြတဲ့သူတွေနဲ့ အရမ်းစည်ကားပါတယ်။ ဒီနှစ်လည်း ဘုရားဖူးဧည့်သည်တွေ အများကြီး လာရောက်ဖူးမြော်ကြလို့ စည်းကားလျက်ရှိပါတယ်။ ဒါပေမယ့် ဘုရားဖူးဧည့်သည်တွေကိုတော့ ကိုဗစ်-၁၉ ကာကွယ် ရေး လမ်းညွှန်ချက်များနဲ့အညီ ဖူးမြော်ကြဖို့ ကြိုတင်အသိပေး နှိုးဆော်ထားပါတယ်။ သီတင်းကျွတ်လပြည့်နေဖြစ်တဲ့အတွက် ဘုရားဖူးဧည့်သည်တွေဟာ မနက်စောစော ကတည်းက လာရောက်ပြီးတော့ ဘုရားကြီးကို ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူ၍ ဦးခိုက်ပူဇော်ကြပြီး ဘုရားပရဝုဏ်အတွင်းရှိ စန္ဒကူးနံ့သာပင်များကို လေ့လာကြတယ်၊ ရှင်မဟာပုဏ္ဏမထေရ်မြတ်ကြီးကိုလည်း ဖူးမြော်ကြတယ်။ နောက်ပြီးတော့ ရှင်မဟာပုဏ္ဏမထေရ်မြတ်ကြီးရဲ့ အနားမှာရှိတဲ့ သစ္စာဆေးတော် ကန်ကိုလည်း လေ့လာကြပါတယ်။ သက်ကြီးဘိုးဘွားတွေကတော့ ဘုရားကြီးကို ဦးခိုက်ပူဇော်ကြပြီးတော့ ဘုရားရင်ပြင်တော်မှာရှိတဲ့ နားနေပြဿာဒ်ဆောင်တွေမှာ တရားဘာဝနာ ပွားများအားထုတ် ကြတာပေါ့ဗျာ။ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာနဲ့ ဖူးမြော်နိုင် အောင် ဘုရားဖူးမြော်ခွင့်ကို နံနက် ၆ နာရီကနေ ည ၈ နာရီအထိ ဖူးမြော်ခွင့်ပြုထားပါတယ်” ဟု အဆိုပါ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးမှ ဂေါပအဖွဲ့ဝင်ဖြစ်သူ ဦးကြည်စိုးက ပြောသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန္တာ (၅၀၀) ခြံရံပြီး ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးဖြစ်သည့်အတွက် ယခုလို နေ့ထူးနေ့မြတ်များတွင် ပြည်တွင်းဘုရားဖူးများက စိတ်ဝင်တစား လာရောက် ဖူးမြော်ကြလေ့ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)