မြင်းမူ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရန်အတွက် သက်ဆိုင်ရာ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စတင်ထိုးနှံမည့်အချိန်တွင် အဆင်သင့်ဖြစ်ရန်အတွက်သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများက မိမိတို့ ကျောင်းရှိ အသက်(၁၂)နှစ်ပြည့် ကျောင်းသာ/သူများ စာရင်းကို ကောက်ယူလျက် ရှိကြောင်း၊ ယခုအချိန်ထိ အခြေခံအထက် တန်းဆင့်ကျောင်း (၁၄) ကျောင်းမှ ကျောင်းသား/သူ (၂၁၂၀) ဦးနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်းမှ (၃၁၅) ဦး စုစုပေါင်း (၂၄၃၅) ဦးကိုလည်းကောင်း၊ အလယ်တန်းဆင့် (၁၀) ကျောင်းမှ ကျောင်းသား/သူ (၄၈၁၆) ဦး၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်းမှ (၆၇) ဦးနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ (၇၃) ဦး စုစုပေါင်း (၄၉၅၆) ဦး၊ စုစုပေါင်း အထက်တန်း၊ အလယ်တန်းဆင့် အသက် (၁၂) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံပေးရန် စာရင်း ကောက်ယူထားပြီးသူ ကျောင်းသား /သူပေါင်း (၇၃၉၁) ကောက်ရှိပြီဖြစ်ကြောင်းနှင့် ဆေးထိုးနှံရန် မကျန်ရှိစေရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ပညာရေးဌာနမှ သိရှိရသည်။
ထို့အတူ သက်ဆိုင်ရာကျောင်းများတွင်လည်း ကာကွယ်ဆေးထိုးနှံရန် အသိပညာပေးခြင်းနှင့် အတူ ကာကွယ်ဆေး (မထိုးနှံပေးရမည့်) အချက်များ ပါရှိသည့် အသိပေး ဗီနိုင်းများအား ချိတ်ဆွဲပြသပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)