ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း၍ တောင်သူများ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာ

ပွင့်ဖြူ အောက်တိုဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်ဝပြီး စိုက်ပျိုးမြေကောင်းမွန်မှုနှင့် ရာသီဥတု သင့်တင့်မျှတ မှုကြောင့် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) ရာသီမပြတ် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ထိုသို့သီးနှံများစိုက်ပျိုးရာ၌ ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းမှာ အောင်မြင်ဖြစ် ထွန်းပြီး ဈေးကောင်းရရှိပါက သီးနှံဝင်ငွေ အကျိုးအမြတ်ကောင်းသဖြင့်  ယခုနှစ်တွင် ငှက်ပျောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုတိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း ပွင့်ဖြူမြို့နယ်ဒေးဒရဲကျေးရွာမှ ငှက်ပျောစိုက်ပျိုး တောင်သူများထံမှ သိရသည်။

ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့် မျိုးပွားခြင်း၊ အပင်တစ်သျှူးမျိုးပွားခြင်း စသည့် နည်းလမ်းများဖြင့် မျိုးပွား၍ စိုက်ပျိုးနိုင်ပြီး သားတက်တွင် လှံစို့သားတက်နှင့် ရေစို့သားတက် ဟူ၍ ရှိကာ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံသေးရှည်သော ရွက်ပြားပါရှိသည်။ မြေကျင်းအတွင်း မစိုက်ပျိုးမီ သားတက်ကို (၃ ၊ ၄) ရက်ခန့် အရိပ်အောင်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် အပင်ခြေမှ (၂) ပေခန့် ချန်၍ သားတက်မပုပ်စေရန်အတွက် ပိုတက်ဆီယမ် ပါမင်းဂနိတ် ရောနှောထားသောရေတွင် စိမ်ပြီးမှ စိုက်ပျိုး သင့်သည်။ ထို့အပြင် ငှက်ပျောစိုက်ပျိုးမည့်မြေကိုလည်း မစိုက်ပျိုးမီ (၂) လကြိုတင်၍ ထယ်ရေး ညက်ညက် ထွန်ယက်ပြီး စိုက်ပျိုးမည့်ကျင်းအတွင်း စပါးခွံ၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေးတို့ကို မြေသားနှင့် ရောနှော၍ ထည့်ပေးထားသင့်ပါသည်။

ငှက်ပျောစိုက်ပျိုးပြီးချိန် ပေါင်းမြက်များရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏အမြစ် ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ရှင်းလင်း ဆောင်ရွက် ပေးသင့်သလို မိုးရာသီကာလ ရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျောပင် စည်ခြေကို မြေဖို့ခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ သီးခိုင်များ ထွက်လာသည့် အချိန်တွင်လည်း ငှက်ပျောခိုင် မထိခိုက်စေရေး အတွက် ဝါးများဖြင့် ကျားကန် ထောက်ပေးခြင်း၊ နေလောင်ခြင်း ဖုန်တင်ခြင်းမရှိစေရန်နှင့် အသီးအရောင်လှပစေရန်အတွက် အသီးခိုင် အား ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသော အရွက်များနှင့် အပင် အစိတ်အပိုင်းများကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ငှက်ပျောဖူး (အဖိုဖူး) များကို ဖြတ်ပေးခြင်း၊ ငှက်ပျောပင်များအား ထိခိုက်မှုမဖြစ်စေရေး အတွက် ဆီးနှင်းကျဆင်းနှင့် လေပြင်း တိုက်ခတ်မှုဒဏ် ကင်းဝေးစေရေး လေကာပင်များကိုလည်း စိုက်ပျိုးထားသင့်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်း ရရှိပါက သီးနှံဝင်ငွေ တွက်ချေကိုက်တဲ့အတွက်  ယခုနှစ်မှာ တောင်သူတွေက အခြားသီးနှံအစား ငှက်ပျော သီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြပါတယ်။ လက်ရှိမှာတော့ ဖီးကြမ်းငှက်ပျောဈေးကွက်က တစ်ဖီးကို ဖောက်သည်ဈေးက ငွေကျပ် ( ၇၀၀၊ ၈၀၀) ရောင်းချရပြီး လက်လီဈေးနှုန်းက တစ်ဖီးကို ငွေကျပ် (၁၀၀၀၊ ၁၂၀၀) ရောင်းချနေရပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဒေးဒရဲ ကျေးရွာမှ ငှက်ပျောသီးနှံစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။

ရဲဝင်းနိုင် (ညောင်ဦး)